ရည်မှန်းချက်
ဤ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် ပြည်သူတို့ကရွေးချယ်တင်မြှောက်၍ စီမံအုပ်ချုပ်သော၊ တိုင်းရင်းသား တို့၏ ဒေသများအလိုက် ကိုယ်ပိုင် ပြဌာန်း အုပ်ချုပ်သော စနစ်မျိုး မတည်ရှိသ၍ တိုင်းပြည်၏ စွမ်းအင် သယံဇာတများ သည် ပြည်သူတို့ အပေါ် အကျိုးအမြတ်ရှိမည် မဟုတ်ပေ။ အလားတူပင် ပြည်သူ့ဝန်ဆောင်မှု ဖြစ်သော လျှပ်စစ်ဓာတ်အား နှင့် လောင်စာ ဖြန့်ဖြူးရေး လုပ်ငန်းများတွင်လည်း ထိရောက်မျှတ အောင်မြင်မည်မဟုတ်ဟု ယုံကြည်သည်။ သို့ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားပြည်သူတို့ မိမိကံကြမ္မာ မိမိတို့ ဖန်တီးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ ဖြစ်ပေါ် လာရေး အတွက် နိုင်ငံရေး နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပန်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ဝန်ကြီးများ၏ အမှာစကားများ
ကျွန်တော်တို့ နိုင်ငံမှာ ပြည်သူ့အာဏာ ပြည်သူ့ လက်ထဲ ပြန်မရောက်သမျှ၊ တိုင်းရင်းသားတွေ မိမိတို့ နယ်မြေကို ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်စီမံခွင့် မရသမျှ စွမ်းအင်သယံဇာတ တွေဟာ ပြည်သူအတွက် ကောင်းကျိုး ထက် ဆိုးကျိုးကိုသာ ဖြစ်စေမှာ ဖြစ်ပါတယ်။ ပြည်သူ့ ဝန်ဆောင်မှု တွေ ဖြစ်တဲ့ မြို့ပြ ကျေးလက် မကျန် လျှပ်စစ်ဓာတ်အားပေးရေး တွေ၊ ဒေသအလိုက် လောင်စာ ဖြန့်ဖြူးရေးတွေ ဟာလည်း မှန်ကန် ကောင်းမွန်တဲ့ အခြေ အနေ ဖြစ်မလာနိုင်တာ သေချာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ တိုင်းရင်းသားပြည်သူတွေ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံးဖြစ်ပေါ် လာဖို့ နည်းလမ်း အမျိုးမျိုး နဲ့ ကြိုးစားသွားကြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ သည် ပထဝီ အနေအထားအရ သဘာဝတရား ကမျက်နှာသာပေးသော်လည်း အုပ်ချုပ်စီမံ ခန့်ခွဲမှု လိုအပ်ချက်များကြောင့် နိုင်ငံသူနိုင်ငံသားများအနေဖြင့် စွမ်းအင် ဆင်းရဲမှုကို ကြုံတွေ့ နေရသည်။ ခေတ်အဆက်ဆက် တွင် ရင်းမြစ်ခွဲဝေမှု မမျှတ မှုကြောင့် စွမ်းအင်သုံးစွဲရယူမှု တွင် မညီမျှမှု များ ကို ပြည်နယ် အများစုတွင် ကြုံတွေ့ခံစားရပြီး နောက်ဆက်တွဲ အနေဖြင့် လူသားဖွံ့ဖြိုးမှုဆိုင်ရာရလာဒ်များ နောက်ကျ နေခဲ့ရသည်ကို World Bank, UN အဖွဲ့ အစည်းများ၏ အကဲဖြတ်ချက်များ၊ အစီရင်ခံစာများတွင် အတိအလင်းတွေ့နိုင်ပါသည်။ ရာသီဥတုပြောင်းလဲမှု ကပ်ဘေး သည် ကမ္ဘာတဝန်းလုံး ကို ထိခိုက်စေမည်ဖြစ်ပြီး ထိခိုက်ခံစားရမည့် နိုင်ငံတွင် မြန်မာနိုင်ငံ လည်းထိပ်တန်းမှ ပါဝင်နေပါသည်။ လက်ရှိတွင် လျှပ်စစ်စွမ်းအင် အသုံးပြုနိုင်သော အိမ်ထောင်စုများသည် ၅၀ ရာခိုင်နှုန်းကျော် သာရှိသေးပြီး စွမ်းအင်လိုအပ်ချက်များသည် အနာဂါတ် မြန်မာနိုင်ငံတွက် စိန်ခေါ်ချက်အနေဖြင့်ရှိနေပါသည်။ ကမ္ဘာ့နိုင်ငံ အများစုသည် လိုအပ်ချက်အရ ပိုမို သန့်စင်သော စွမ်းအင် စနစ်သို့ကူးပြောင်းနေချိန်တွင် မြန်မာနိုင်ငံ အတွင်းရှိ အိမ်ထောင်စု များအနေဖြင့် စွမ်းအင်ဆင်းရဲမှု နှင့် ရင်းမြစ်ခွဲဝေမှု မညီမျှမှု ကို ပြိုင်တူရင်ဆိုင်နေရပါသည်။ သို့ ဖြစ်၍ အနာဂါတ် မြန်မာနိုင်ငံ စွမ်းအင်ဖူလုံရေးမူဝါဒ များကို ချမှတ်ရာတွင် ယင်းပြဿနာများကို တပါတည်းဖြေရှင်းနိုင်ရပါမည်။ သန့်စင်သောပြန်လည်ပြည့်ဖြိုးသည့် စွမ်းအင် စနစ်များကို တည်ထောင်ရာတွင် လိုအပ်သည့် သဘာဝ ဝန်းကျင်ဆိုင်ရာတရားမျှတမှု၊ လူမှုရေးဆိုင်ရာတရားမျှတမှု မူဘောင်တို့ ကို တပါးတည်းထည့်သွင်းစဥ်းစားရန်လိုအပ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စနစ် ကူးပြောင်းမှု ကာလတွင် လိုအပ်လာမည့် မူဝါဒများဖြစ်သည့် sustainable mineral policy, energy efficiency policy, energy transition policy များကိုလည်း အသင့်ပြင်ထားရမည်ဖြစ်ပါသည်။ စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များသည် ဌာန တခုတည်းမှ လုပ်ဆောင်၍ မရနိုင်သဖြင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး၊ အခြေခံအဆောက်အဦး နှင့် လူနေ အဆောက်အဦးများတည်ဆောက်ရာတွင် လိုအပ်သော စံနှုန်းများကိုလည်း တပါးတည်း တွဲဘက်စဥ်းစား တည်ထောင်သွားရမည်ဖြစ်ပါသည်။ ဖက်ဒရယ်စနစ် နှင့် ကိုက်ညီသော စွမ်းအင်စီမံခန့်ခွဲ မှုကို လည်း အုတ်မြစ်ချ သွားရမည်ဖြစ်ပါသည်။ သို့မှသာလျှင် ဗဟိုထိန်းချုပ်မှု မှလွတ်ကင်းသော စွမ်းအင်စနစ်များပေါ်ပေါက်လာ၍ ဒေသတွင်း လိုအပ်ချက်နှင့် ကိုက်ညီသော စွမ်းအင်ဈေးကွက်များ ပေါ်ပေါက်လာပြီး၊နောင်တွင် စွမ်းအင်ကို အသုံးချ၍ နိုင်ငံရေးအာဏာ တည်ဆောက်ခြင်းကို တားဆီးနိုင်မည်ဖြစ်ပါသည်။ လက်ရှိ ဆင်နွှဲနေသော နွေဦး တော်လှန်ရေး သည် နိုင်ငံရေး စနစ်ပြောင်းလဲရေးအတွက် သာမက၊ လက်ရှိကြုံတွေ့နေရသည့် စွမ်းအင်စနစ် ဆိုင်ရာပြဿနာများကိုလည်း ပြုပြင်ပြောင်းလဲနိုင်မည့် အခွင့်အရေး အဖြစ်ရှုမြင်ပြီးပြင်ဆင်သွားစေလိုပါသည်။