အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း နှင့် DVB တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်

၁။ DVB မှ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့က အသစ်ထပ်မံဖွဲ့စည်းသည့် လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် မူဝါဒများကို မေးမြန်းခဲ့ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ မူဝါဒအချက် ၅ ချက်ကို အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။ ပထမအချက်မှာ ပြည်သူလူထုဝန်ထုပ်ဝန်ပိုး လျှော့ချရေးဖြစ်ပါကြောင်း၊ ပြည်သူများသည် ကိုဗစ်ကာလမှ ယခုအာဏာသိမ်းကာလအထိ ဝန်ထုပ်ဝန်ပိုးများ၏ ဖိစီးမှုဒဏ် ကို ခံစားနေရပါကြောင်း၊ သို့ပါ၍ ယင်းဝန်ထုပ်ဝန်ပိုးတွေ လျှော့ချနိုင်ရန် ကျွန်တော်တို့ ကြိုးစား ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အသိသာဆုံးနမူနာအနေ ဖြင့် လျှပ်စစ်မီတာခများကို လျှော့ချပေးသည့် ကိစ္စဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ်များသည် ယခု အချိန်မှ လျှော့ချခဲ့ခြင်းမဟုတ်ပါကြောင်း၊ ပြည်သူ့အစိုးရလက်ထက်မှာကတည်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မိန့်ခွန်းများအတိုင်း လျှပ်စစ်မီတာခများကို များစွာလျှော့ချပေးခဲ့ပါကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း CRPH က ဖွဲ့စည်းလိုက်သည့် အစိုးရလက်ထက်မှာလည်း ထပ်မံ ပြီး လျှော့ချပေးခဲ့ပါကြောင်း၊ ယခုကဲ့သို့လျှော့ချသည့် အစီအစဉ်ကို NUG ကလည်း ဆက်လက်ပြီး သဘောတူထားပါကြောင်း၊ သို့ရာတွင် မြေပြင်အခြေအနေမှာ မီတာခကောက်ခံနေကြပါကြောင်း၊ သတ္တိရှိရှိ နဲ့ မီတာခမဆောင်ကြသူတွေ ရှိသကဲ့သို့ မီတာခဆောင်နေသူများလည်း ရှိပါကြောင်း၊ ယင်းကိစ္စရပ်များကို ကောင်းမွန်စွာထိန်းကျောင်းပြီး သက်ဆိုင်ရာဌာနကိုလည်း ဆက်လက် ထိန်းချုပ်ဖို့ ကြိုးစားရမှာ ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပြတ်တောက်မှုဖြစ်မှာကို ပြည်သူများက ပူပန်နေကြကြောင်း၊ နိုင်ငံ တကာက ရင်းနှီးမြှုပ်နှံသူများကိုယ်တိုင်လည်း ပူပန်နေကြပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြန့်ချိတဲ့လုပ်ငန်းနှင့် မော်တော်ယာဉ်သုံးသည့် လောင်စာဆီများ ပြတ်တောက်မသွားစေရန် ကျွန်တော်တို့ ကြိုးစား သွားမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ယခင်က ကြေညာထား ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ လုပ်ဆောင်သည့် ရင်းနှီး မြှုပ်နှံမှုများအားလုံးကို ကျွန်တော်တို့ သဘောမတူပါကြောင်း၊ ယင်းမတိုင်မီက တောက်လျှောက် လုပ်ကိုင်ခဲ့သည့် လုပ်ငန်းအားလုံးကို သဘောတူပြီး ဆက်လက်လုပ်ဆောင်နိုင်ဖို့ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကြိုးစားသွားမည် ဖြစ်ပါကြောင်း၊ တတိယအချက်မှာ နိုင်ငံသားများ ပိုင်ဆိုင်သည့် သယံဇာတအရင်းအမြစ်များထဲမှ အထူးသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့အပိုင်း တွင် ပြည်တွင်းပြည်ပမှ ထုတ်ယူသုံးစွဲသည့် စီးပွားရေး လုပ်ငန်းများ၏ ကိစ္စရပ်များသည် နိုင်ငံသား များနှင့် အနာဂတ်သားသမီးများသာ ပိုင်ဆိုင်ပါကြောင်း၊ ၎င်းပိုင်ဆိုင်မှုများကို အကြမ်းဖက် စစ်အုပ်စုထံ ရောက်ရှိမသွားစေရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ ကျွန်တော်တို့ဝန်ကြီးဌာနနှင့် အတူရပ်တည်ခဲ့ကြသည့် CDM ဝန်ထမ်းများကို စောင့်ရှောက်ရန်ဖြစ် ပါကြောင်း၊ အဆိုပါဝန်ထမ်းများ၏ အချက်အလက်များလည်း အမြောက်အများ ရရှိပြီးဖြစ်ပါ ကြောင်း၊ ကျွန်တော်တို့အနေဖြင့် ဖေဖော်ဝါရီလမှစပြီး CDM ဝန်ထမ်းများရမည့်လစာကို တတ်နိုင် သမျှအမြန်ဆုံးပြန်လည်ပေးနိုင်ဖို့ စဉ်းစားသွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်များ၏ ဘဝအနာဂတ် အာမခံချက်ရရှိရန်အတွက် ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ပါကြောင်း၊ ပဉ္စမအချက်မှာ တိုင်းပြည် ၏ အနာဂတ်ရေရှည်ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် မူဝါဒချမှတ်ရန်ဖြစ်ကြောင်း၊ လျှပ်စစ် ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍနှစ်ခုတွင် ၂၀၁၃ -၂၀၁၄ ခုနှစ်ကတည်းက အမျိုးသားစွမ်းအင်မူဝါဒများ ရှိခဲ့ပါကြောင်း၊ ၎င်းမူဝါဒများကို ယခုလက်ရှိကာလနှင့် လိုက်လျောညီထွေမှုရှိရန်၊ တချို့အပိုင်း များတွင် လက်တွေ့လုပ်ကိုင်ဆောင်ရွက်မှု ကောင်းမွန်လွယ်ကူစေရန်၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ သူများ လွယ်ကူစေရန်နှင့် ပြည်သူလူထုအတွက် အကျိုးရှိစေရန် ပြန်လည်ဆန်းစစ်ပြီး ပြင်ဆင် ရေးဆွဲသွားမှာဖြစ်ပါကြောင်း၊ ၎င်းကိစ္စရပ်များကို ကျွန်တော်တို့၏ အခြေခံမူဝါဒ ၅ ချက်ဖြင့် ဖော်ဆောင်သွားမှာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

၂။ DVB မှ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မူဝါဒ ၅ ရပ်ဖြင့် ဆောင်ရွက်သွားမည်ဆိုပါက လက်ရှိအခြေအနေမှာ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ခေါင်းဆောင်များသည် ဘေးလွတ်ရာကို ရှောင်တိမ်း ပြီး အခက်အခဲများအကြားမှ ဝန်ကြီးဌာနများဖွဲ့စည်းကာ ပြည်သူများအတွက် ဝန်ဆောင်မှုများ ပေးနေရသည်ကို ကျွန်တော်တို့ နားလည်ပါကြောင်း၊ ယင်းအခက်အခဲများအပြင် ဌာန၏လုပ်ငန်း စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တခြားမည်သို့သော အခက်အခဲများ ရှိနေပါသေးသလဲ ဟုမေးမြန်းခဲ့ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။ ပထမဦးဆုံး ကျွန်တော်တို့အနေဖြင့် အစိုးရရုံးအဖွဲ့ကို စပြီးဖွဲ့ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများကလည်း တက်တက်ကြွကြွနဲ့ ပူးပေါင်း ပါဝင်ကြပါကြောင်း၊ CDM ဝန်ထမ်းများကလည်း ဆောင်ရွက်ကြမည့်နည်းလမ်းများကို ဝိုင်းဝန်း စဉ်းစားပေးကြပါကြောင်း၊ ကိုဗစ်ကာလကို ဖြတ်သန်းခဲ့ရတဲ့အတွက် အင်တာနက်ကတစ်ဆင့် အပြန်အလှန် တွေ့ဆုံညှိနှိုင်းခြင်းလုပ်ငန်းသည် ဝန်ထမ်းများအနေဖြင့် လွယ်ကူနေခဲ့ကြသည့် အတွက် အားသာချက်တစ်ခု ဖြစ်ပါကြောင်း၊ ကြုံရသည့်အခက်အခဲနှင့် စိန်ခေါ်မှုများ များစွာ ရှိပါကြောင်း၊ သဘာဝဓာတ်ငွေ့ ကိစ္စရပ်များတွင် ကျွန်တော်တို့ လမ်းညွှန်မှုကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေကြမည်ဆိုပါက နိုင်ငံတကာဖြင့် ဆက်သွယ်ပြီး ရပ်တန့်သွားစေရန် ကြိုးစားသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာသံတမန်ရေးရာများသာမက စီမံကိန်းနှင့် ဘဏ္ဍာ ရေးရာဝန်ကြီးဌာနနှင့်လည်း သက်ဆိုင်နေသည့်အတွက် ပူးပေါင်းညှိနှိုင်းပြီး ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ လျှပ်စစ်မီတာခကောက်ခံခြင်းသည် အခက်ခဲ‌ရှိနေပါကြောင်း၊ အင်စတီကျူးရှင်းနှင့် ပတ်သက်၍ ပုဂ္ဂလိကပိုင်းကို ပေးထားခဲ့တဲ့အတွက် ၎င်းကိစ္စကို ကျော်လွှားပြီး ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ပါကြောင်း၊ ရံပုံငွေအပိုင်းမှာ နိုင်ငံ တကာစွမ်းအင်လုပ်ငန်းများမှ ရသည့်ငွေများကို အကြမ်းဖက် စစ်အုပ်စုလက်ထဲ မရောက်စေရန် တားခြင်းဖြစ်ပါကြောင်း၊ ကျွန်တော်တို့ကို ပေးဖို့တောင်းဆိုခြင်း မဟုတ်သကဲ့သို့ တောင်းဆိုမည် လည်း မဟုတ်ပါကြောင်း၊ ကျွန်တော်တို့ ရံပုံငွေများအတွက် လှုပ်ရှားရာမှာ အစိုးရတစ်ရပ် အနေဖြင့် များစွာကြိုးစားရပါမည်ဖြစ်ပါကြောင်းနှင့် ကျွန်တော်တို့အနေဖြင့် ရည်မှန်းချက်များ ထိရောက်စေရန် ဆက်ကြိုးစားသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

၃။ DVB မှ ယခင်အစိုးရအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီ ခွင့်ပြုပေးထားခဲသည့် လုပ်ငန်းများ ရှိပါကြောင်း၊ ယင်းလုပ်ငန်းများမှ ရရှိသည့် အခွန်အကောက်နှင့် အကျိုးတူစီးပွား များမှ နိုင်ငံတော်ကရရှိမည့် ဝင်ငွေအားလုံးသည် NUG အစိုးရလက်ထဲကို ရောက်ရှိရန် မဟုတ်ဘဲ စစ်ကောင်စီလက်ထဲမရောက်ရှိစေရန်ဟု ဝန်ကြီးက ပြောသွားခဲ့ပါကြောင်း၊ စစ်ကောင်စီလက်ထဲ ကို ရောက်ရှိသွားခဲ့ရသည့် အခွန်အခ၊ ရံပုံငွေများနှင့် နိုင်ငံတော်ဘဏ္ဍာငွေများအတွက် NUG အစိုးရ၏ အစီအစဉ်ကို သိလိုပါကြောင်း၊ အကယ်၍ NUG အစိုးရ နိုင်ငံကို ပြန်လည်အုပ်ချုပ်နိုင် သည့် အစိုးရတစ်ရပ် ဖြစ်ခဲ့ပြီဆိုရင် အဆိုပါဝင်ငွေတွေကို လုပ်ငန်းရှင်တွေက မည်ကဲ့သို့ ပြန်လည်ပေးဆောင်ရမည်ကို မေးမြန်းခဲ့ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသူရထွန်းမှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။ ကျွန်တော်တို့ အနေဖြင့် NUG အစိုးရမဖွဲ့စည်းခင် CRPH မှ လစ်လပ်နေသည့် ဝန်ကြီးဌာနများ အစားထိုးခဲ့သည့်ကာလမှာ ကတည်းက ရှိခဲ့ပါကြောင်း၊ ယခုလိုပေးဆောင်မှုသည် ပြည်သူအတွက် မဟုတ်သည့်အတွက် အသိအမှတ် မပြုပါကြောင်း၊ အသိအမှတ်မပြုသည့်အတွက် သူတို့ပေးဆောင်ခဲ့သမျှကို ကျွန်တော် တို့ အစိုးရ တက်လာပါက ကျွန်တော်တို့အနေဖြင့် ပြန်လည်တောင်းခံမည်ဖြစ်ပါကြောင်း၊ သူတို့ ပေးဆောင်ခဲ့သမျှသည် ပြည်သူတွေ မရရှိခဲ့သည့်အတွက် ကျွန်တော်တို့ လက်ခံမှာ မဟုတ် ပါကြောင်း၊ ပြည်သူတွေလက်ခံရရှိပါက ကျွန်တော်တို့အနေဖြင့် လက်ခံရမည် ဖြစ်ကြောင်း၊ ယခု အခါ ပုံမှန်လုပ်နေကျဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်း၊ ဆည်မြောင်းလုပ်ငန်း နှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် သုံးစွဲနေခြင်းကို မတွေ့ရှိရဘဲ လက်နက်ဝယ်ယူရေးနှင့် လက်နက်ကိုင်အကြမ်း ဖက်ရေးအတွက် အသုံးပြုနေခြင်းကို တွေ့ရှိနေရသောကြောင့် သူတို့ပေးဆောင်ခဲ့သည့် ဘဏ္ဍာငွေ က ပြည်သူလူထုအတွက် အဆိုးဘက်ကို ပိုများနေခြင်း ဖြစ်စေသည့်အတွက် ကျွန်တော်တို့ အနေဖြင့် အသိအမှတ်ပြုမည် မဟုတ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

၄။ DVB မှ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှစပြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ နေရာမှာ စစ်ခေါင်းဆောင်တစ်ယောက်ကို ခန့်အပ်ပြီး စစ်ကောင်စီက လည်ပတ်နေတာရှိပါ ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ အာဏာသိမ်းပြီးမှ ခွင့်ပြုပေးလိုက်တဲ့ လုပ်ငန်းတွေ လည်း ရှိပါကြောင်း၊ ယင်းလုပ်ငန်းတွေအတွက် NUG အစိုးရက ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းများ နှင့် အာဏာပြန်ရခဲ့ပါက ဖေဖော်ဝါရီနောက်ပိုင်း ခွင့်ပြုခဲ့သည့် လုပ်ငန်းများကို ပြန်လည်ကိုင်တွယ်မည့် အစီအစဉ်များကို သိလိုပါကြောင်း မေးမြန်းခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းမှာ လုပ်ဆောင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အထူးသဖြင့် ကျွန်တော်ဆိုရင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လျှပ်စစ်စွမ်းအားနှင့် ပတ်သက်သည့် ကိစ္စရပ်တွေမှာ အသိအမှတ်မပြုပါဟု ပြောထားပြီးသားဖြစ်ပါကြောင်း၊ အသိအမှတ်မပြုသည့် အတွက် သူတို့လုပ်ကိုင်နေပါကလည်း ရပ်တန့်ခိုင်းမှာဖြစ်ပါကြောင်း၊ ဒီကာလမှာ သူတို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှု ပြုနိုင်တဲ့ အခြေအနေမရှိဘူးဆိုတာ အားလုံးသိနေပါကြောင်း၊ ဥပဒေပိုင်းဆိုင်ရာမှာ လည်း ဥပမာ – မြေယာတွေကို အစားထိုးလျာ်ကြေးပေးဖို့ကိစ္စ၊ ပြည်သူလူထု သဘောတူမှု၊ အကျိုးစီးပွားရှိမှုကိစ္စ၊ အခြားဝန်ကြီးဌာနတွေ အနေနဲ့လည်း ကမ်းနားမှာလုပ်တဲ့ အတွက် ဆိပ်ကမ်းအာဏာပိုင် များနှင့် ညှိနှိုင်းမှု များနှင့် အုပ်ချုပ်ရေး အပိုင်းများမှာ အကြပ်အတည်းများ ရှိနေပါကြောင်း၊ အဆိုပါကဏ္ဍများမှာ လည်း အားလုံးသိထားသည့်အတိုင်း ဝန်ထမ်းများကလည်း CDM ဝင်နေကြပါကြောင်း၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်နစ်နာမှုဆန်းစစ်ရေးနှင့် ပတ်ဝန်းကျင် နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်များကို လက်ရှိအနေဖြင့် မလုပ်နိုင်ပါကြောင်း၊ Public hearing ဟုခေါ်သည့် လူထုကြားနာမှုများ ယခုအချိန်မှာပြုလုပ်ရန် အင်မတန် ခက်ခဲပါ ကြောင်းနှင့် ပြည်သူလူထူအနေ ဖြင့် သဘောထားများကို လွတ်လပ်စွာ မတင်ပြနိုင်တဲ့အတွက် ယင်းစီးပွားရေး လုပ်ငန်းများမှာ မှန်ကန်မှုမရှိပါဟု လက်ခံထားပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။

၅။ DVB မှ ယခုဝန်ကြီးအနေဖြင့် NUG အစိုးရက ဌာနအလိုက် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးပြီးပြီဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုချင်း စီ ကို စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ကန့်ကွက်စာများ ပို့ပြီးမပြီး နှင့် ဆက်သွယ်ဆောင်ရွက်မှုများ စတင် လုပ်ဆောင်နေခြင်းရှိမရှိ သိလိုပါကြောင်း မေးမြန်းခဲ့ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။ ကျွန်တော်တို့ အနေဖြင့် ဒီအချိန်မှာ follow up ဖြစ်ပြီး အရင်အစိုးရ လက်ထက်ကတည်းက သဘာဝဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီကြီးများကို တိုက်ရိုက်စာရေးထားခြင်းရှိပါကြောင်း၊ ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှာကတည်းက ငွေလွှဲဘဏ်များ အထိတိုင် ရေးထားခဲ့ ခြင်းလည်း ရှိနေပါကြောင်း၊ ယခု NUG လက်ထက်မှာလည်း ယင်းလုပ်ငန်းများကို ဆက်လုပ်နေပါ ကြောင်းနှင့် ကျွန်တော်တို့အနေဖြင့် ရေနံကုမ္ပဏီများ နှင့် တိုက်ရိုက်ဆက်သွယ်ပြီး follow up ဆက်လုပ်သွားရမည့် သဘောရှိနေပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

၆။ DVB မှ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာက ဝန်ကြီးဌာနများနှင့် ဆက်လက်လုပ်ဆောင်မည့် အခြေအနေများကို သိလိုပါကြောင်း မေးမြန်းခဲ့ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါ သည်။ ကျွန်တော်တို့ထံ လာရောက်ရင်းနှီးမြှုပ်နှံကြရာတွင် ပုဂ္ဂလိကကုမ္ပဏီများသာမက အစိုးရပိုင်းများလည်း ရှိပါကြောင်း၊ ဥပမာအားဖြင့် တနိုင်း PPEP သည် အစိုးရကုမ္ပဏီ ဖြစ်ပါ ကြောင်း၊ ပက်ဆိုးဒင့် သည်လည်း အလားတူဖြစ်နေပါကြောင်း၊ ထို့အပြင် ပရိုတယ်သည်လည်း ပြင်သစ်အစိုးရတစ်ပိုင်းဖြစ်ပါကြောင်း၊ ၎င်းတို့သည် ကျွန်တော်တို့နိုင်ငံရဲ့ MOGE နှင့် မတူညီပါ ကြောင်း၊ ပြည်သူလူထု၏ ရှယ်ယာများလည်း ပါဝင်နေပါကြောင်းနှင့် ကျွန်တော်တို့ အနေဖြင့် အစိုးရသပ်သပ်နဲ့ တိုက်ရိုက်ဆက်ဆံတာမျိုးရှိရမှာ ဖြစ်သလို တစ်ဖက်မှာ သူတို့၏ စီးပွားရေးတွင် ပါဝင်လျက်ရှိနေသည့် ရှယ်ယာရှင်များအားလုံးကို ကတိကဝတ် တစ်ခုထားရှိနိုင်ရန် ဆက်ပြီး ညှိနှိုင်းရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

၇။ DVB မှ မည်သို့သောရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်မှန်းထားပါသနည်းဟု မေးမြန်း ရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အောက်ပါ အတိုင်း ဖြေကြားခဲ့ပါသည်။ ကျွန်တော်တို့အနေဖြင့် အကောင်းဆုံးကြိုးစားသွားမည် ဖြစ်ပါ ကြောင်း၊ Legitimacy သဘောအရ လက်ရှိ စစ်အုပ်စု De Jure Government မဟုတ်ကြောင်းထင်ရှားပြီး၊ De facto Government ပင် မဖြစ်နိုင်ပါကြောင်း၊ သူတို့အနေဖြင့် တိုင်းပြည်ကို တည်ငြိမ်မှုရရှိရန်ပင် မအုပ်ချုပ်နိုင် ပါ ကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၃၀ မှာ အုပ်ချုပ်ခဲ့သည့် စစ်အစိုးရဆိုလျှင် နဝတ၊ နအဖ စသဖြင့်ရှိခဲ့ပြီး တိုင်းပြည်ကို အတန်အသင့်ထိ အုပ်ချုပ်နိုင်ခဲ့ပါ ကြောင်း၊ De facto Government သည် ဥပဒေအရ မဟုတ်ပေမယ့် တိုင်းပြည်ကို တည်ငြိမ်မှုရရှိ ရန် အုပ်ချုပ်နိုင်သည့် အစိုးရဖြစ်ကြပါကြောင်း၊ ကျွန်တော်တို့ အနေဖြင့် ယင်းကဲ့သို့ပင် မဖြစ်နိုင် သေးသော အကြမ်းဖက်သမား အဆင့်ပဲရှိသည့်သူများနှင့် ယှဉ်ပြီး လုပ်ဆောင်ရမှာ ဖြစ်သည့် အတွက် ပြည်တွင်းပြည်ပအားလုံးကလည်း အဆိုပါအချက်ကို လက်ခံယုံကြည် ကြမှာ ဖြစ်တယ် လို့ ယုံကြည်ပါကြောင်းနှင့် ကျွန်တော်တို့ အနေဖြင့် အောင်မြင်မှုရရှိရန် ဆက်ကြိုးစား သွား မှာ ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

၈။ DVB မှ အာဏာသိမ်းစစ်ကောင်စီသည် လက်နက်ကိုင်ပြီး လူထုကို အုပ်ချုပ်နေသည့် အနေအထား မျိုး ဖြစ်ပြီး ပြည်တွင်းမှာရှိနေသည့် ပြည်သူများ အများစုသည် နီးရာဓားကြောက်ရတယ် ဆိုသကဲ့သို့ မလုံခြုံတဲ့ အနေအထားများလည်း ရှိနေပါကြောင်း၊ NUG အစိုးရကို လူထုက ထောက်ခံသည် ဆိုပေမယ့်လည်း လက်ရှိအနေအထားအရ မြန်မာနိုင်ငံအတွင်းမှာ ရှိနေသည့် ပြည်သူတွေအားလုံးကို ကာကွယ်ပေးနိုင်သည့် အနေအထား မရှိသေးသော အခြေအနေဖြစ်နေ သောကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်နှင့် မူဝါဒ များအပေါ် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုကို ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ နှင့် လူထုကရော ဘယ်လိုပုံစံမျိုး ပူးပေါင်းလာမည်ဟု မျှော်လင့်ထားတာရှိပါသလဲဟု မေးမြန်းရာ တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။ ကျွန်တော်တို့အနေဖြင့် အားလုံးကို ကာကွယ်ပေးနိုင်ဖို့ရန် မဖြစ်နိုင်သေးပါကြောင်း၊ တဖက်မှာ ကာကွယ်ရေးနှင့် ပတ်သက်သည့် အစီအမံတွေ ကြားသိကြပြီးသား ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏စိတ်ဓာတ်သည် ယခုအခါမှာ တော်တော် သိသိသာသာ ပြင်းထန်ပါ ကြောင်း၊ ယခု ၄ လ ကြာသည့်အချိန်မှ CDM ဝန်ထမ်းများသည် အလွန်ပင် တင်းခံနိုင်ခဲ့ပါကြောင်း၊ ၁၉၈၈ ခုနှစ် ကျွန်တော်တို့ အပါအဝင် တော်လှန်ရေး လုပ်ခဲ့စဉ်က ယခုကဲ့သို့ ခိုင်ခိုင်မာမာ ရပ်တည် နိုင်ခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ လက်နက်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့လျှင် သုံးရက်လောက် ကြာသည့်အခါ တွင် ငြိမ်သွားပြီး ဆန္ဒပြခြင်း မရှိတော့ဘဲ ဝန်ထမ်းများသည် တစ်လအတွင်းမှာ အားလုံး လိုလို လုပ်ငန်းခွင် ပြန်ဝင်သွားခဲ့ပါကြောင်း၊ ယခုအခါ ၄ လကြာသည့် တိုင်အောင် တောင့်ခံနိုင်နေ သည့် အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်လာမှုကို မစိုးရိမ်ပါကြောင်း၊ တစ်ဖက်မှာ အန္တရာယ်ပေးနေ သော်လည်း ကျွန်တော်တို့ပြည်သူများသည် ကျွန်တော်တို့နှင့်အတူ ပူးပေါင်းပါဝင်နေကြောင်းကို ကျွန်တော်တို့ အနေဖြင့် ယုံကြည်နေပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
DVB မှ ယခုအချိန်မှာ ပြည်သူလူထုအနေဖြင့် သူတို့မျှော်လင့်သကဲ့သို့ အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့သည် လုပ်ပေးနိုင်ခြင်းမရှိဟု ယုံကြည်လာခဲ့လျှင် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးသည် ဘယ်လို ပြောင်းလဲသွားမယ်လို့ ဝန်ကြီးအနေနဲ့ မျှော်လင့်ထားပါသလဲ ဟု မေးမြန်းခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။ ကျွန်တော်တို့ အနေဖြင့် အစွမ်းကုန်ကြိုးစားမှာဖြစ်ပါ ကြောင်း၊ အစိုးရအဖွဲ့နှင့် လွှတ်တော်မှာ နိုင်ငံတကာအတွေ့အကြုံ တွေရှိကြသည့် ပညာရှင်များ ပါဝင်နေပါကြောင်း၊ ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်ဆံခဲ့ရသည့် နယ်ပယ်မှ လူများ ဖြစ်ပါ ကြောင်း၊ တစ်ဖက်မှာ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များဖြစ်ကြောင်း၊ ထိုကြောင့် ကျွန်တော်တို့ အနေဖြင့် အဆိုပါလုပ်ငန်းသည် အောင်ကို အောင်မြင်ရမည်ဟု ယုံကြည်ပါကြောင်း၊ တချိန်က နွေဦးတော်လှန်ရေးသည် အာရပ်နွေဦးဖြစ်ခဲ့သလိုမျိုး နောက်ဆုံးမှာ အာဏာရှင်သည် အာဏာရှင် လမ်းကို သွားမှာဖြစ်ပါကြောင်းနှင့် ကျွန်တော်တို့ ကြိုးစားအားထုတ်မှုသည် ကောင်းမွန်သည့် အကျိုးသက်ရောက်မှု ဖြစ်လိမ့်မည်ဟု ကျွန်တော်တို့အနေဖြင့် ယုံကြည်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

၉။ DVB မှ အာဆီယံနိုင်ငံများ၏ မြန်မာနိုင်ငံအားထားရှိသည့် သဘောထားအပေါ်မှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သဘောထားကို သိလိုပါကြောင်း မေးမြန်းရာတွင်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။ စီးပွားရေးလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများသည် နှစ်ပေါင်း ၃၀ မှ ၅၀ ထိတိုင်အောင် ရေရှည်ရင်းနှီးမြှုပ်နှံရသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ထိုကြောင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်မှသာလျှင် အာဆီယံနိုင်ငံများနှင့် ပြည်သူများ အကျိုးရှိမည် ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့မဟုတ်ဘဲ အနာဂတ်ပြည်သူလူထုက မနှစ်သက်သောကြောင့် လုပ်ငန်းများ ရပ်တန့်သွားမည် ဆိုပါက လုပ်ငန်းအောင်မြင်မည် မဟုတ်ပါကြောင်း၊ ကျွန်တော့်အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရှုထောင့်မှ ပြောခြင်းဖြစ်ပါကြောင်း၊ နိုင်ငံရေးလည်း အလားတူ အများပြည်သူ မနှစ်သက်သည့်သူများ နှင့်အတူ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက လုပ်ငန်းများသည် အချိန်တခုမှာ အောင်မြင်မှု ကျဆင်းသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးမှာလည်း sustainability မရှိခဲ့လျှင် အားလုံးရပ်တန့်သွားမည်ဟု ထင်မိပါကြောင်းနှင့် ကျွန်တော်တို့အနေဖြင့် ပြည်သူ့လက်ထဲကို ပြည်သူ့အာဏာ ပြန်ရောက်ရှိ သွားစေရန် ဆောင်ရွက်မှာဖြစ်ပြီး လုပ်ဆောင်နေချိန်မှာ သူတို့ဘယ်လို ရပ်တည်ခဲ့သည်ကို ကြည့်ရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

၁၀။ DVB မှ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ထပ်မံဖြည့်စွက်ပြောစရာများရှိမည်ဆိုပါက ပြောကြား စေလိုကြောင်း မေးမြန်းခဲ့ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။ ဝန်ကြီးဌာနအသစ်တစ်ခုသည် ရက်ပိုင်းမျှသာ ရှိသေးသည့်အတွက် အများကြီးဖြည့်ပြီးပြောစရာမရှိပါကြောင်း၊ ပြည်သူလူထုအတွက် ပြည်သူတို့၏ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ပါကြောင်း၊ အနာဂတ် မျိုးဆက်များ အတွက် လွန်ခဲ့သည့် ၅ နှစ်ကကဲ့သို့ တက်တက်ကြွကြွ ကြိုးစားသွားမည် ဖြစ်ပါ ကြောင်း ပြည်သူလူထု က ပေးလာမည့် အကြံဉာဏ်နှင့် ဝေဖန်မှုကို အမြဲတမ်းလက်ခံလျှက် ရှိနေကြောင်း ပြော ကြားခဲ့ပါသည်။

၁၁။ DVB မှ အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ သတင်းမီဒီယာ၏ ကျေးဇူးကြောင့် ကျွန်တော့် အနေဖြင့်လည်း ပြည်သူလူထုကို အသိပေးခွင့်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

Share on facebook
Share
Share on twitter
Share
Share on linkedin
Share

ဆက်စပ်ပိုစ့်များ